အစားအသောက်ပျက်နေတာလား အစာမစားတဲ့ရောဂါရနေတာလား
လူတွေဟာ (အထူးသဖြင့် မိန်းကလေးတွေ) ကျန်းမာရေးအရရော၊ အလှအပရေးရာ အတွက်ပါ ပိန်ပိန်သွယ်သွယ်လေး ဖြစ်ချင်လို့ ဝိတ်ချတတ်ကြပါတယ်။ LCD လေးကို ပိန်နိုင်သမျှပိန်၊ သွယ်နိုင်သမျှ သွယ်ချင်ဇောနဲ့ ဝိတ်ချရင်းကနေ ဘာကိုမှ မစားချင်မသောက်ချင်တော့ဘဲ ကိုယ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးပါ ထိခိုက်လာတဲ့ ရောဂါကို Anorexia Narvosa လို ခေါ်ပါတယ်။
Anorexia Narvosa ခံစားရတဲ့သူတွေဟာ ပုံမှန်ထက် ကိုယ်အလေးချိန်နည်းနေပေမယ့် သူတို့ကိုယ်သူတို့ ဝနေတယ်လို့ ထင်တတ်ကြပါတယ်။ ယောကျ်ားမိန်းမ အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ဒီရောဂါခံစားရသူ အများစုက ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေ…
- အသက် ၁၈ နှစ်အောက် အရွယ်တွေမှာ အရပ်နဲ့ ကိုယ်အလေးချိန်က အသက်အရွယ်အလိုက် ရှိသင့်တာထက် နည်းနေတာ
- အသက် ၁၈ နှစ်အထက် လူကြီးတွေမှာ ရှိသင့်တဲ့ Body Mass Index (BMI) ထက် နည်းနေတာ
- အစာမစားတာ၊ စားရင်လည်း တကယ့်ကို နည်းနည်းလေးပဲ စားတာ၊ ဝမယ်ထင်ရတဲ့ စားစရာတွေဆို လုံးဝမစားတာ
- ပိန်နေတာကိုတောင် ကိုယ့်ကိုယ်ကို ဝတယ်ပဲ ထင်နေတတ်တာ
- အစာစားချင်စိတ် မရှိအောင်၊ မဆာအောင် ဆေးတွေသောက်တာ
- ရာသီမလာရသေးတဲ့ ဆယ်ကျော်သက်တွေမှာ ရာသီလုံးဝစမလာတာ၊ ရာသီလာနေဆဲ အမျိုးသမီးတွေမှာ ရာသီရပ်သွားပြီး ထပ်မလာတော့တာ
- ပိန်ကပ်နေပြီး ခေါင်းမူးခေါင်းကိုက်တာ၊ မောပန်နွမ်းနယ်နေတာမျိုး အမြဲခံစားနေရတာ
- ဝမ်းနှုတ်ဆေးတွေ အလွန်အကျွံစားတာ
- မလိုအပ်ဘဲ ဆီးဆေးတွေ သောက်နေတာ
- လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။
ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ?
- စိတ်ကျရောဂါရှိသူ၊ အရက်နဲ့ မူးယစ်ဆေးစွဲနေသူ၊ မိသားစုထဲမှာ Anorexia Narvosa ဖြစ်ဖူးသူတွေ
- စားသောက်တဲ့အကျင့်၊ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်နဲ့ ဝတာနဲ့ ပတ်သက်ပြီး အလှောင်ခံ၊ အရှက်ခွဲခံရဖူးသူတွေ
- အလုပ်အကိုင်အရ ကိုယ်အလေးချိန်တက်မှာ ကြောက်သူတွေ (ဥပမာ…မော်လ်ဒယ်၊ အားကစားသမား စသည်)
- မလှမှာ အစိုးရိမ်လွန်သူ၊ အရမ်းကို ပြည့်စုံချင်လွန်းသူတွေ
- လိင်ပိုင်းဆိုင်ရာ စော်ကားခံရဖူးသူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
ကုသဖို့အတွက်ဆိုရင် လူနာကိုယ်တိုင်ရဲ့ ပူးပေါင်းပါဝင်မှု၊ မိသားစု သူငယ်ချင်းမိတ်ဆွေတွေရဲ့ အားပေးကူညီမှုတွေက အရေးပါပါတယ်။ ကုသမှုက အချိန်ကြာနိုင်ပြီး အစားအသောက်နဲ့ ပတ်သက်တဲ့၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု၊ ခံယူချက်တွေကို လျော့ချပြောင်းလဲနိုင်ဖို့ နှစ်သိမ့်ဆွေးနွေးကုသရတာပါ။
အချိန်မီကုသမှု မခံယူရင်…
- အာဟာရချို့တဲ့တာ
- ကြွက်သားတွေ ကျုံလီနေတာ၊ အရိုးပွရောဂါ ဖြစ်တာ
- နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်တာ
- ဦးနှောက်နဲ့ အာရုံကြောရောဂါတွေ ဖြစ်တာ
- လိင်စိတ်ဆန္ဒ မရှိတာ၊ မျိုးမအောင်တာတွေ အပြင် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
ဝတာမကောင်းဘူး၊ ပိန်ပိန်သွယ်သွယ်လေးမှ ကျန်းမာလှပတာ ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ခြင်းဖြင့် သင့်တင့်လျောက်ပတ်တဲ့ ခန္ဓာကိုယ်လေးနဲ့ လှပနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်